ဇွန်လ ၆ ရက် ၂၀၂၀ အရှေ့တောင်အာရှ COVID-19 အခြေအနေနှင့် သတင်းနှစ်ချုပ်

ဇွန်လ ၅ ရက် ၂၀၂၀

အရှေ့တောင်အာရှမှာ စုစုပေါင်း ကူးစက်ခံရသူ တစ်သိန်းနား ကပ်သွားခဲ့ပါပြီ။ သေဆုံးသူကတော့ ယနေ့မှာ (၅၃) ဦး ရှိပါတယ်။ စုစုပေါင်း (၂၉၆၃) ဦး ရှိသွားခဲ့ပါပြီ။ ယနေ့မှာ ပြန်ကောင်းလူနာ တစ်ထောင်အတိ ရှိပါတယ်။ စုစုပေါင်းအနေနဲ့ ပြန်ကောင်းလူနာ (၄၈၃၀၀) ဦး ဖြစ်လာပါတယ်။ ပြန်ကောင်းလူနာဟာ ရောဂါရှိလူနာထက် များသွားခဲ့ပါပြီ။ စုစုပေါင်းကူးစက်ခံရသူ လူနာရဲ့ (၂.၉၈) ရာနှုန်းဟာ သေဆုံးခဲ့ပြီး (၄၈.၅၂) ရာနှုန်းကတော့ ပြန်ကောင်းလာခဲ့ပါပြီ။ ကျန်ရှိလူနာကတော့ (၄၈၀၀၀) ကျော် ရောက်နေတာ (၂) ရက် ရှိသွားခဲ့ပါပြီ။

အင်ဒိုနီးရှားကတော့ ယနေ့မှာ ကူးစက်ခံရသူ (၇၀၃) ယောက်နဲ့ အရှေ့တောင်အာရှရဲ့ ကူးစက်ခံရမှု အမြင့်ဆုံးနေရာကို ဖြစ်လာပြန်ပါတယ်။ စင်ကာပူမှာ ယနေ့ ကူးစက်ခံရသူ လူနာသစ် (၂၆၁) ယောက် ရှိပါတယ်။ ဖိလစ်ပိုင်ကလည်း တက်လိုက်ကျလိုက်နဲ့ ယနေ့မှာတော့ (၂၄၄) ယောက် ဖြစ်သွားပါတယ်။ မလေးရှားက ယနေ့မှာ (၁၉) ယောက် ကူးစက်ခံရပြီး မနေ့ကထက် အများကြီး ပြန်ကျသွားပါတယ်။ ထိုင်းမှာလည်း လူနာသစ် (၁) ယောက် တွေ့ပါတယ်။ ကျန်အာဆီယံနိုင်ငံတွေမှာတော့ လူနာသစ်မတွေ့ရပါ။ ဗီယက်နမ်ကတော့ လူနာ ၅ ယောက်ပြန်ကောင်းလာပါပြီး လက်ရှိရောဂါရှိလူနာ ၂၁ ယောက်ပဲ ကျန်ပါတော့တယ်။ မြန်မာကလည်း တစ်နေ့တစ်နေ့ လူနာတွေ ပြန်ဆင်းသွားကြပြီး တဖြည်းဖြည်း လက်ရှိရောဂါရှိလူနာတွေ နည်းပါးလာပါပြီ။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ကတော့ အသစ်ကူးစက်ခံရတာ ၉၈၅၁ နဲ့ ၂၈၂၈ ယောက် အသီးသီး ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က ၂၀၀၀ ကျော် ဆက်တိုက်ဖြစ်လာတာ (၆) ရက် ရှိသွားခဲ့ပါပြီ။ အိန္ဒိယကလည်း လူနာသစ်တွေ့ရှိတာ လွန်ခဲ့တဲ့လက တစ်နေ့ ၃၀၀၀ ကျော်ကူးစက်ရာကနေ ယနေ့မှာ တစ်နေ့ကူးစက်နှုန်း ၁၀၀၀၀ နီးပါးဖြစ်လာခဲ့ပါပြီ။ ကူးစက်နှုန်းမြင့်လာတာနဲ့အမျှ သေဆုံးနှုန်းကလည်း မြင့်လာပါတယ်။ ယနေ့မှာ ၂၇၃ နဲ့ ၃၀ ယောက် အသီးသီး ရှိပြီး ပြန်ကောင်းတာကတော့ ၅၃၅၅ နဲ့ ၆၄၃ ဦး ရှိပါတယ်။

မြန်မာနိုင်ငံအတွက် ယိုပေါက်တစ်ခုဖြစ်လာနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက် မြန်မာနိုင်ငံမှ စွန့်ခွာထွက်သွားတဲ့ ဒုက္ခသည်တွေ နေထိုင်ရာ စခန်းတွေ အများအပြားရှိတဲ့ Cox’s Bazaar နဲ့ စစ်တကောင်းမှာကူးစက်နှုန်းက မြင့်မားလာနေပါတယ်။ Cox’s Bazaar မှာ စုစုပေါင်းကိုဗစ်လူနာ (၈၇၇) ဦးရှိပြီး ဒုက္ခသည်စခန်းမှာတော့ (၃၅) ဦး ရှိနေခဲ့ပါပြီ။ မြန်မာနဲ့ အင်မတန်နီးကပ်နေတဲ့ တပ်ဖ်နပ် (Teknaf) မှာတော့ စုစုပေါင်း (၄၁) ဦးကူးစပ်ခံထားရပါတယ်။ စစ်တကောင်းမှာကတော့ ယနေ့ လူနာသစ် ၁၄၀ ရှိပြီး စုစုပေါင်း (၃၈၀၆) ဦး ကူးစက်ခံထားရပါတယ်။ ရခိုင်ပြည်နယ်အနေနဲ့ အင်မတန်ကို ဂရုပြုသင့်တဲ့ အနေအထားတစ်ရပ် ဖြစ်နေပါတယ်။ တရုတ်ပြည်ကတော့ အသစ်ကူးစက်မှု (၅) ဦးရှိပြီး ပြန်ကောင်းလာတာကလည်း (၈) ဦးရှိပါတယ်။ လူနာလက်ကျန်ကတော့ (၆၆) ဦးကျန်ပါတယ်။

သတင်းနှစ်ချုပ်

ဘရူနှိုင်းဟာ ဇွန်လ (၂) ရက်နေ့က စပြီး ကျောင်းစဖွင့်နေပါပြီ။ ကူးစက်မှု လုံးဝမရှိတာ (၂၈) ရက်ဆက်တိုက် ရှိသွားခဲ့ပါပြီ။ လက်ရှိ လူနာတစ်ဦးတည်း ကျန်ပါတော့တယ်။ အဲ့လူနာရဲ့ အခြေအနေကတော့ ပြင်းထန်နေဆဲပါပဲ။

ဘရူနှိုင်းက ကျောင်းတွေဟာ ပထမအပတ်မှာ ကျောင်းတက်ရာနှုန်း ၉၀ ကျော်ရှိနေခဲ့ပါတယ်။ ကျောင်းတွေအနေနဲ့လည်း ခပ်ခွာခွာနေခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျောင်းပရဝုဏ်သန့်ရှင်းရေးကို အမြဲအာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။

ဗီယက်နမ်မှာ လူနာအမှတ် (၉၁) လို့ သိကြတဲ့ အသက် ၄၃ နှစ်အရွက် ဗြိတိသျှလေယာဉ်မှူးတစ်ဦးပဲ ပြင်းထန်လူနာ ကျန်ပါတယ်။ သူဟာ နှစ်လကျော်လောက် အသက်ကယ်အကူပစ္စည်းတွေနဲ့ ရှင်သန်နေရပါတယ်။ ယနေ့မှာ သူဟာ ပြန်ကောင်းလာတဲ့ လက္ခဏာတွေ စပြလာပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ ယခင်တစ်ပတ်နှစ်ပတ်တုန်းက ဆရာဝန်တွေက သူ့အတွက် အဆုပ်အစားထိုးဖို့ လိုမယ်လို့ ယူဆနေကြပါတယ်။ မထင်မှတ်ထဲ သူက တဖြည်းဖြည်း ပြန်ကောင်းလာနေပါတယ်။ သူ့အတွက် ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၁၅၀၀၀ ကျော် အသုံးပြုခဲ့ရပါတယ်။

ဖိလစ်ပိုင်ရဲ့ အလုပ်လက်မဲ့ ရာနှုန်းဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ လျော့ကျလာရာကနေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဧပြီလမှာ ဖိလစ်ပိုင်နိုင်ငံသား ၇.၃ သန်းဟာ အလုပ်လက်မဲ့ ဖြစ်သွားကြပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ ဇန်နဝါရီ၊ ၂၀၂၀ မှာ ၅.၃ ရာနှုန်း၊ အလုပ်လက်မဲ့ဦးရေ ၂.၃ သန်းကနေ ဧပြီလ၊ ၂၀၂၀ မှာ ၁၇.၇ ရာနှုန်း၊ အလုပ်လက်မဲ့ဦးရေ ၇.၃ သန်း အထိ တိုးလာခဲ့ပါတယ်။

ဗီယက်နမ်မှာလည်း အလုပ်လက်မဲ့နှုန်းတွေ တက်လာပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသာ ပိုဆိုးလာခဲ့မယ်ဆိုရင် အလုပ်သမား ၇.၂ သန်းဟာ ၂၀၂၀ ရဲ့ ကျန်တဲ့ လတွေမှာ အလုပ်လက်မဲ့တွေ ဖြစ်သွားလိမ့်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပုံဖော်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်အတွင်းရှိ ဝေးလဲခေါင်သီတဲ့ နေရာတွေမှာ COVID-19 ကူးစက်ရောဂါ တားမြစ်ရေး အစီအစဉ်တွေကြောင့် ပြည်သူတွေ စားနပ်ရိပ်ခါ အခက်အခဲ ကြုံတွေ့နေရပါတယ်။ မွန်ပြည်နယ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ရဲ့ သွားလာကန့်သတ်တာနဲ့ ပိတ်ဆို့တာတွေကြောင့် ရောဂါပြန့်ပွားမှုကို တားမြစ်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ရေးမြို့နယ်တောင်ပိုင်းနဲ့ ရေဖြူမြို့နယ်မြောက်ပိုင်းဒေသ သွားလာရခက်ခဲတဲ့ ကျေးရွာ ၂၀ ကျော်၊ အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ငါးထောင်ကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရပါတယ်လို့ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of Monland) က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စုစုပေါင်းကျန်းမာရေး လုပ်သား ၁၄ ယောက်ဟာ ကူးစက်ခံခဲ့ရပါတယ်။ ၆ ယောက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနက အောက်မှာ အလုပ်လုပ်ပြီး ကျန်တဲ့ ၈ ယောက်ကတော့ ပုဂ္ဂလိက ကဏ္ဍမှာ အလုပ်လုပ်ကြပါတယ်။ အားလုံးဟာ အခြေအနေကောင်းပါတယ်။ တစ်ချို့လည်း ဆေးရုံက ပြန်ဆင်းသွားကြပါပြီ။

ထိုင်းမှာကတော့ အများပြည်သူ သွားလာမယ့် နေရာတွေမှာ မျက်နှာအပူတိုင်းစကန်နာကို ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်ထန်း နည်းပညာအေဂျင်စီ နှစ်ခုဖြစ်တဲ့ အမျိုးသားအီလက်ထရောနစ်နဲ့ ကွန်ပျူတာ နည်းပညာ စင်တာနဲ့ အမျိုးသား သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးရေး အေဂျင်စီတွေဟာ အဲ့စကန်နာကို ထုတ်လုပ်ဖို့ အတူတကွ လုပ်ဆောင်နေပါတယ်။ ၄င်းစကန်နာဟာ တစ်ချိန်တည်းမှာပဲ လူများစွာရဲ့ အပူချိန်ကို နှာခေါင်းစည်းဝတ်ဆင်ထားခဲ့ရင်တောင် ၁.၅ မီတာ အကွာကနေ တိုင်းတာနိုင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တိုးတက်လာတဲ့ ကြားကပဲ ပိတ်ဆို့မှုကို ဖြေလျှော့ပြီး ဗလီတွေကို သုံးလကြာ ပိတ်ထားရာကနေ ပြန်ပြီး ဖွင့်ပေးလိုက်ပါတယ်။ ဗလီတက်သူတွေအနေနဲ့ ကိုယ်ပိုင် ဝတ်ပြုဖျာကို ယူလာပြီး အပေါက်ဝမှာ အပူချိန်တိုင်းတာကို ခံရပါတယ်။ ခပ်ခွာခွာနေ မူဝါဒကိုလည်း လိုက်နာရပါတယ်။

ထိုင်းနိုင်ငံက ကျောင်းတွေဟာ COVID-19 ကြောင့် ကျောင်းတွေ ပိတ်ထားရာကနေ ပြန်ဖွင့်ဖို့ စိုင်းပြင်းနေတယ်လို့ ထိုင်းပညာရေး ဝန်ကြီးဌာနက ကြော်ြငာထားပါတယ်။ ဝန်ကြီးဌာနရဲ့ စစ်တမ်းတွေအရ ထိုင်းနိုင်ငံကျောင်းသားတွေရဲ့ ၆၀-၇၀ ရာနှုန်းဟာ တီဗီ ဒါမှမဟုတ် အင်တာနက်ကနေ ပညာသင်ကြားဖို့ အဆင်သင့်မဖြစ်ဘူး ဖြစ်နေတာကို တွေ့ရပါတယ်။ ကျောင်းကို ဇူလိုင်လ ၁ ရက်နေ့မှာ ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။ ကျောင်းပြန်တက်ရင် စားပွဲတွေကို ၁-၂ မီတာ အကွာ ထားတာ၊ ထမင်းအတူ စားခွင့်မပေးတာ၊ ရောဂါပိုးရှိနိုင်တဲ့ နေရာ ကစားကွင်း၊ စားပွဲ စတာတွေကို တစ်ရက်နှစ်ကြိမ် သန့်စင်တာ၊ ဖျားရင် အိမ်ပြန်ပြီး မိမိဘာသာ သွားလာကန့်သတ်နေထိုင်ခိုင်းတာ၊ သူငယ်ချင်းတွေဆီက ပစ္စည်းငှားရမ်းခွင့် မပေးတာ၊ မိဘတွေကို ကျောင်းထဲ ဝင်ခွင့်မပေးတာ စတဲ့ ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ချမှတ်ထားပါတယ်။

မလေးရှားနိုင်ငံရဲ့ သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ် ကောက်လေ့ ရှိပါတယ်။ ယခု ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ ကာလမှာ သန်ခေါင်းစာရင်း ကောက်ယူမှု ပုံစံပြောင်းလာပါတယ်။ အဆင့်နှစ်ဆင့်နဲ့ ကောက်ယူမှာ ဖြစ်တယ်။ ပထမအဆင့်က ဇူလိုင်လ ၇ ရက်ကနေ စက်တင်ဘာ ၃၀ အထိ ဖြစ်ပြီး အွန်လိုင်းမှ ကောက်ယူမှာ ဖြစ်ပြီး ဒုတိယအဆင့်ကတော့ အောက်တိုဘာလ ၇ ရက်ကနေ အောက်တိုဘာ ၂၄ အထိ ဖြစ်ပြီး လူတွေ့ ကောက်ယူမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒါကာမြို့တော်မှာ တစ်ထိုင်တည်း ကိုဗစ်ရောဂါကို စစ်ဆေးနိုင်တဲ့ နေရာလေးတွေ ဖွင့်နေပါပြီ။ မနက်ကနေ ညနေအထိ ဖွင့်ပြီး သောကြာနေတစ်နေ့တည်း ပိတ်ပါတယ်။ အခမဲ့ စစ်ဆေးပေးတာ ဖြစ်ပါတယ်။ စစ်ဆေးပြီးတာနဲ့ ၄၈ နာရီအတွင်း အဖြေရရှိနိုင်ပြီး နောက်ထပ် အကြံပြုချက်တွေ ပေးမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရဲစုစုပေါင်း ၅၉၁၆ ယောက်ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ၂၄၁၉ ယောက်ဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်ပြီ ဖြစ်ပါတယ်။ အဲ့အထဲ ၁၆၆၀ ဟာ ဒါကာ မြို့တော်ကြီး တစ်ခုထဲကပဲ ဖြစ်ပါတယ်။ ပြန်ကောင်းလာတဲ့ ရဲတွေဟာ လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်နေကြပြီ ဖြစ်ပါတယ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.