မေလ ၁၁ ရက်၊ ၂၀၂၀ အရှေ့တောင်အာရှ ရောဂါပြန့်ပွားမှု အခြေအနေနှင့် သတင်းအနှစ်ချုပ်

မေလ ၁၁ ရက်၊ ၂၀၂၀

အရှေ့တောင် အာရှမှာ စုစုပေါင်း ပိုးတွေ့လူနာ ၆ သောင်းနီးပါး ရှိလာပါပြီ။

စင်ကာပူကတော့ ထုံးစံအတိုင်း ပိုးတွေ့လူနာသစ် ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ လူနာနည်းနည်း နည်းသွားတာဟာ ပိုးစစ်တဲ့ နေရာ ပြဿနာတစ်ခု တက်ပြီး စစ်တာ နည်းသွားတာကြောင့် ဖြစ်ပါတယ်။ လေးနိုင်ငံ၊ စင်ကာပူ၊ အင်ဒို၊ မလေးရှား၊ ဖိလစ်ပိုင်ကတော့ ကူးစက်မှု ဦးဆောင်နိုင်ငံ ဖြစ်နေပါတယ်။ အင်ဒိုနီးရှားမှာ သေဆုံးသူ စုစုပေါင်း တစ်ထောင်ပြည့်လုနီးနေပါပြီ။

ထိုင်းနိုင်ငံကတော့ ပိုးတွေ့ရှိသူ တက်မလာဘဲနဲ့ တဖြည်းဖြည်းနဲ့ အောင်ပွဲခံစပြုပြီလို့ ဆိုနိုင်ပါတယ်။ ဘရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လာအိုကတော့ ပိုးသစ်တွေ့ရှိသူ မရှိသေးပါ။ အကျဉ်းချုပ် ပြောရရင် အရှေ့တောင် အာရှက နိုင်ငံ အများစုမှတော့ ပိုးကူးစက်မှုနှုန်း သိပ်မမြင့်ဘဲ အောင်မြင်မှု ရရှိနေကြပါတယ်။

သတင်းအနှစ်ချုပ်

စင်ကာပူ

– စင်ကာပူမှာကတော့ အမေရိကန် အခြေစိုက် Boston Dyanmics က ထုတ်လုပ်တဲ့ စက်ရုပ်ခွေးလေးနဲ့ Bishan-Ang Moh Kio ပန်းခြံကို ခပ်ခွာခွာ နေမနေ စောင့်ကြည့်နေပါတယ်။ စက်ရုပ်မှာ အသံချဲ့စက်လည်းပါပြီး ခပ်ခွာခွာနေဖို့ သတိပေးကြေညာချက်တွေလည်း ထုတ်လွှင့်ပေးနေပါတယ်။

– စင်ကာပူက ပိုးတွေ့လူနာရဲ့ ၉၀ ရာနှုန်းက လူနေသိပ်ကို ထူထပ်တဲ့ အလုပ်သမားနေထိုင်ရာ အဆောင်နဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ အဆောင်တစ်ခုမှာဆိုရင် ခုတင်ပေါင်း ၁၄၀၀၀ စင်ကာပူပိုးတွေ့လူနာစုစုပေါင်းရဲ့ ၁၁ ရာနှုန်း၊ ပိုးတွေ့လူနာပေါင်း ၂၅၀၀ ကျော် နေထိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်။ ပိုးစစ်ဖို့ စောင့်ဆိုင်းနေတဲ့ အလုပ်သမားတစ်ဦးက သေနှုန်းအင်မတန်နည်းပါးပြီး ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှု၊ ဖုန်းကနေပေးထားတဲ့ အခမဲ့အင်တာနက်၊ အိမ်တိုင်ရာရောက် အစားအသောက်ပို့ဆောင်ပေးတာ၊ အရေးအကြီးဆုံးကတော့ အလုပ်သမားလစာတွေ ပေးချေပေးပါမယ်ဆိုတဲ့ အစိုးရရဲ့ ကတိတဝတ်တွေနဲ့ ပူပန်မှု မရှိဘဲ သက်သောင့်သက်သာရှိနေတယ်လို့ ဆိုပါတယ်။

– Kranji က မြင်းပြိုင်ကွင်းရဲ့ တစ်ချို့နေရာကို COVID-19 ရောဂါကနေပြန်ကောင်းလာတဲ့ နိုင်ငံခြားသားအလုပ်သမားလူနာအချို့ကို ထားဖို့ နေရာတစ်ခုအဖြစ် ပြောင်းလဲပြင်ဆင်ပါလိမ့်တယ်။ မေလကုန်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှား

– အင်ဒိုနီးရှားကတော့ ကိုယ်ပိုင် အမြန်စမ်းသပ်ကိရိယာ၊ PCR နဲ့ အသက်ရှူစက်တွေကို ထုတ်လုပ်ပါတော့မယ်။ ဒီလကုန်လောက်မှာ ထွက်လာနိုင်မယ်လို့ သိရပါတယ်။ အမြန်စမ်းသပ်ကိရိယာကိုတော့ တစ်လမှာ ၁၀၀,၀၀၀ ဝန်းကျင်လောက် ထုတ်နိုင်ပါလိမ့်မယ်။

– ဘာလီမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ၄င်းဟာ နှစ်စဉ်ကျင်းပနေကြဖြစ်ပြီး ၂၀၂၀အတွက် ပြိုင်ပွဲကို မူလက သြဂုတ်လ ၃၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

– COVID-19 တိုက်ဖျက်ရေးကို ပိုမို ထိရောက်အောင် ဆောင်ရွက်ဖို့ သမ္မတဂျိုကို ဝီဒိုဒိုဟာ တို့ဖတ်နမူနာဓာတ်ခွဲစမ်းသပ်ခြင်း၊ ရွေ့ပြောင်းလုပ်သား စီမံခြင်းနဲ့ ဆေးဘက်ဆိုင်ရာ၊ COVID-19 ဆေးဝါး ကိရိယာတိုးမြှင့် ထုတ်လုပ်ရေးစတဲ့ လုပ်ငန်းစဉ် (၃) ရပ်ကို အဓိက အာရုံထားဆောင်ရွက်မယ်လို့ ဆိုပါတယ်။

– ယနေ့အင်ဒိုနီးရှားရဲ့ အစိုးရိမ်ရဆုံးပြဿနာကတော့ ပြည်တော်ပြန်တွေပဲ ဖြစ်ပါတယ်။ ယခုလနဲ့ နောက်လမှာ ပြည်တော်ပြန်စုစုပေါင်း ၃၄၀၀၀ ခန့် ရှိနိုင်ပါတယ်။ အဲ့ဒီပြည်တော်ပြန်တွေကို စောင့်ကြည့်စစ်ဆေးဖို့ သမ္မတကလည်း ဓာတ်ခွဲစမ်းသပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ညွှန်ကြားထားပါတယ်။ လက်ရှိမှာတော့ တစ်ရက်ကို ၄၀၀၀၊ ၅၀၀၀ စစ်ဆေးနိုင်ရာကနေ တစ်ရက် ၁၀၀၀၀ လောက်ထိ တိုးမြှင့်စစ်ဆေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စမ်းသပ်စစ်ဆေးဖို့ လိုအပ်တဲ့ ကိရိယာ၊ နေရာဌာနတွေကို အကောင်းဆုံးပြင်ဆင်ဖို့နဲ့ လိုအပ်တဲ့ လူ့စွမ်းအားရင်းမြစ်ကို တာဝန်ပေးခန့်ထားဖို့လည်း အမိန့်ထုတ်ထားပါတယ်။

ဖိလစ်ပိုင်

– ဖိလစ်ပိုင်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပိုးကူးစက်တာ (၂၀၀၀) ဝန်းကျင် ရှိသွားပါပြီ။ ကျန်းမာရေးဝန်ထမ်းပိုးတွေ့သူတွေထဲမှာ ၃၄ ဦးကတော့ သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထပ်မံသေဆုံးမှု မရှိသေးဘူးလို့ ကျန်းမာရေးဦးစီးဌာနက ဆိုထားပါတယ်။

– ဖိလစ်ပိုင်နိုင်ငံကို ဝင်လာတဲ့ နိုင်ငံခြားသားနဲ့ ဖိလစ်ပိုင်လူမျိုးအားလုံးကို COVID-19 ရှိမရှိ စစ်ဆေးပြီး အဖြေဟာ ပိုးမတွေ့လို့ မရရှိမချင်း အိမ်ပြန်ခွင့်မပေးဘဲ အစိုးရစီမံထားတဲ့ သွားလာကန့်သတ်နေရာဌာနမှာ ထားရှိမှာ ဖြစ်ပါတယ်။ အစိုးရဟာ ပြည်ပနေ ဖိလစ်ပိုင်လူမျိုးတွေကို သွားလာကန့်သတ်ဌာနမှာ အခဲမဲ့ နေထိုင်ခွင့် ပေးမှာ ဖြစ်ပြီး ပြည်တွင်းနေ ဖိလစ်ပိုင်လူမျိုးတွေနဲ့ နိုင်ငံခြားသားနိုင်ငံသားများထံမှ စစ်ဆေးခနဲ့ နေထိုင်ခကို ကောက်ခံမှာ ဖြစ်ပါတယ်။

မလေးရှား

– ရာမာဒန်လို့ခေါ်တဲ့ မူဆလင်တွေရဲ့ ဥပုသ်လဟာ မေလ (၂၄) ရက်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ မလေးရှားအစိုးရဟာ ဥပုသ်လကုန်ဆုံးတဲ့ ရက်မှာ ကျင်းပတဲ့ Hari Raya Aidilfitri ပွဲတော်ကို ဆင်နွှဲရာမှာ တစ်ကြိမ်မှာ မိသားစုဝင်နဲ့ ဆွေမျိုးတွေပဲပါတဲ့ ဧည့်သည်အကန့်အသတ် (၂၀) ပဲ ရှိစေဖို့ဆိုတဲ့ အစိုးရရဲ့ စံနမူနာလုပ်နည်းပုံစံကို လိုက်နာကြဖို့ အကြံပေးတိုက်တွန်းထားပါတယ်။ အဲ့ဒါဟာ ပုံသေမဟုတ်ဘဲ။ မိသားစုအရွယ်အစားအပေါ် မူတည်ပါတယ်။ မိသားစုဝင်နည်းရင် (၂၀) မရှိရပါ။ ဒါဟာ ခပ်ခွာခွာနေ မူဝါဒနဲ့ သက်ကြီးပိုင်းတွေ လုံခြုံဖို့ စီမံထားတာ ဖြစ်ပါတယ်။

– မလေးရှားက စေတနာ့ ဝန်တမ်းတွေဟာ ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေအတွက် PPE တွေကို မိမိဘာသာ အိပ်မှာ ချုပ်နေကြပါပြီ။ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ William Alvisse အသက် (၅၂) ဟာ မိသားစုထမင်းစားခန်းကို မျက်နှာကာ ထုတ်လုပ်ရေးအခန်းအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူ့ကိုယ်ပိုင်ငွေ USD 1500 ကို မျက်နှာကာ ထုတ်လုပ်ဖို့ သုံးပြီး မလေးရှားက ဆေးရုံတွေကို လှူဒါန်းခဲ့ပါတယ်။

ထိုင်း

– ထိုင်းအစိုးရကတော့ နောက်တစ်ဆင့် ဖြေလျှော့မှုအနေနဲ့ ခွင့်ပြုမဲ့ စီးပွားရေးနဲ့ အပန်းဖြေစရာ နေရာစာရင်း အပြည့်အစုံကို ထုတ်ပြန်ပါလိမ့်မယ်။ မေလ (၁၇) ရက်နေ့မှာ စတင်ဖြေလျှော့မယ့် စာရင်းမှာ လက်လီအရောင်းဆိုင်တစ်ချို့လည်း ပါလာနိုင်ပါတယ်လို့ Center for COVID-19 Situation Administration (CCSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dr Taweesin Visanuyothin က ပြောခဲ့ပါတယ်။ ပထမအဆင့် ဖြေလျှော့မှုဟာ စိတ်ကျေနပ်ဖွယ်အတိုင်းအတာ တစ်ခုကို ရောက်ခဲ့တယ်လို့ အစိုးရက ဖော်ပြခဲ့ပါတယ်။

– COVID-19 ကြောင့် အစားအသောက်တွေကို မှာကြားပြီး စားသောက်တာက ထိုင်းမှာ သာမန်နေထိုင်မှု ပုံစံသစ်ဖြစ်လာပါတယ်။ အဲ့လို နေထိုင်မှု ပုံစံသစ်ကြောင့် ထိုင်းရဲ့ ပလပ်စတစ် ထွက်နှုန်းဟာ အဆမတန် တိုးမြှင့်သွားပါပြီး အမှိုက်စွန့်စနစ်ကို ပိုမို ဝန်ပိစေခဲ့ပါတယ်။ တိုးရစ်တွေ အဝင်နည်းလာတဲ့ အတွက် စွန့်ပစ်အမှိုက်က ၁၂ ရာနှုန်းလောက် ကျဆင်းခဲ့ပေမယ့် ပလပ်စတစ်စွန့်ပစ်မှု တစ်နေ့ကို တန်ချိန် (၃၀၀၀) နီးပါး ရှိနေပါတယ်။

– ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ထိုင်းနိုင်ငံက ဆင်တွေကိုလည်း ထိခိုက်စေပါတယ်။ ဆင်စခန်းမှာ နေတဲ့ ဆင်တွေဟာ တိုးရစ်တွေ အပေါ်ကို မှီခိုနေရပါတယ်။ တိုးရစ်မဝင်တော့တဲ့ အတွက် ဆင်စခန်းတွေဟာ ဝင်ငွေ မရှိတော့တဲ့ အတွက် ဆင်တွေမှာ ငတ်ငတ်ပြတ်ပြတ် ဖြစ်ပြီး သူတို့ရဲ့ မူရင်း ဒေသ၊ သူတို့ရဲ့ အိမ်ကို ပြန်ကြရပါပြီ။ ဆင်ကယ်တင်ရေး ဖောင်ဒေးရှင်းတစ်ခုကတော့ ဆင်တွေ သူတို့ နေထိုင်ရာ ဒေသကို ပြန်တာကို ထောက်ခံအားပေးပါတယ်။ သူတို့ရဲ့ အိမ်မှာ ဆင်တွေဟာ သူတို့ဘာသာ လုံလုံလောက်လောက် နေထိုင်နိုင်ပါတယ်။

– ထိုင်းနိုင်ငံမှာ လူပေါင်းများစွာဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အလုပ်လက်မဲ့ ဖြစ်ကြကုန်ပါတယ်။ Supakit ဟာ အစားအသောက်ဗီရို ငါးလုံးနဲ့ ဒီအစားအသောက် မျှဝေတဲ့ စီမံချက်ကို စီရင်စုနယ်မြေ (၅) ခုမှာ စတင်ခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ အစားအသောက် (၁၅၀) လောက်ဖြစ်သွားပြီး စီရင်စုနယ်မြေ (၄၄) ခုအထိ ကျယ်ပြန့်သွားခဲ့ပါတယ်။ Supakit ဟာ အမေရိကန်မှာ ရှိတဲ့ အခမဲ့ အစားအသောက်ဗီရိုအစီအစဉ်ကို ကြည့်ပြီး ခွန်အားယူ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

– ထိုင်းမှာ စိတ်မကောင်းဖြစ်ဖွယ် အဖြစ်တချို့လည်း ရှိပါသေးတယ်။ Anyakan ဟာ ဆေးရုံကို ကြွက်သတ်ဆေးသောက်လို့ ရောက်လာပါတယ်။ COVID-19 ကြောင့် သူမဘဝရဲ့ အဆိုးဝါးဆုံး အခြေအနေမှာ ဘတ် (၅၀၀၀) ထောက်ပံ့ကြေး လျှောက်ထားတာကို အငြင်းပယ်ခံခဲ့ရပါတယ်။ ငွေကြေးအထောက်အပံ့မရတဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန အရှေ့မှာ ဆန္ဒပြတောင်းဆိုရင်း နောက်တစ်ကြိမ် လျစ်လျူရှုခံရတာကို ခံယူရင်း ကြွက်သတ်ဆေးသောက်ပြီး လဲကျသွားခဲ့ပါတယ်။ ဒါဟာ COVID-19 ကြောင့် စီးပွားရေးကျပ်တည်းထိခိုက်မှုရဲ့ ပြယုဂ်တစ်ခုပါ။ အကယ်၍သာ အစိုးရအနေနဲ့ အရေးတယူ ဆောင်ရွက်ခြင်းမရှိခဲ့ဘူးဆိုရင် စီးပွားပျက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက COVID-19 ကြောင့် သေတာထက်များသွားနိုင်ပါတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ဘရူနှိုင်း

– ပိုးတွေ့လူနာသစ် မတွေ့ရှိတာ လေးရက်မြောက်နေ့ ဖြစ်ပါတယ်။

မြန်မာ

– မလေးရှား ထိန်းသိမ်းရေးစခန်းတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျထိန်းသိမ်းခံရသူ (၃၉၁) ဦးကို မလေးရှားအစိုးရ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ ထိုသူများကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း အသီးသီးကို ပို့ဆောင်ပြီး လူထုအခြေပြု သွားလာကန့်သတ်စင်တာမှာ (၂၁) ရက် သွားလာကန့်သတ်ထားဖို့ စီစဉ်ထားပါတယ်။

– မန္တလေးမှာ နှာခေါင်းစည်း မတပ်ဘဲ အပြင်ထွက်ရင် ဒဏ်ငွေတပ်မှာ ဖြစ်ပါတယ်။ မေလ (၁၅) ရက်က စပြီး နှာခေါင်းစည်း မတပ်ဘဲ မပြင်ထွက်ရင် ဒဏ်ငွေငါးထောင် ကောက်ပြီး နှာခေါင်းစည်း (၂) ကို ချက်ခြင်း တပ်ဖို့ ပေးမှာ ဖြစ်ပါတယ်။

– ဝန်ကြီးဌာန (၂၂) ခုဟာ ၂၀၁၉-၂၀၂၀ ခွဲဝေထားတဲ့ ဘတ်ဂျက်ထဲကနေ ၁၀ ရာနှုန်းကို COVID-19 စီးပွားရေး တုံ့ပြန်မှု အစီအစဉ် (CERP) အတွက် ကူညီဖို့ ဝန်ကြီးအဖွဲ့ကို တင်ပြထားပါတယ်။ CERP ကို ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး မဟာဗျူဟာ (၁၀) ခုနဲ့ လုပ်ငန်းစဉ် (၃၆) ခု ပါဝင်ပါတယ်။

– ကချင်ပြည်နယ်ရှိ တစ်ဦးတည်းသော COVID-19 လူနာဟာ ဆေးရုံက ဆင်းခွင့်ရရှိခဲ့ပါပြီ။ ဒါပေမယ့် လူကြားထဲ သွားခွင့် မရသေးဘဲ Facility Quarantine ၁၄ ရက် ထပ်နေရဦးမှာ ဖြစ်ပါတယ်။ နှစ်ပတ်ပြည့်ပြီး ဆေးရုံမှာ ပြန်ပြ၊ ပိုးမတွေ့တော့ဘူးဆိုမှ လူကြားထဲ သွားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဗီယက်နမ်

– ဗီယက်နမ်က ကျောင်းတွေကတော့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် တစ်လလောက် ပိတ်ထားရာကနေ လွန်ခဲ့တဲ့ အပတ်က စပြီး တစ်စိတ်တစ်ပိုင်း ဖွင့်ခဲ့ပါတယ်။ ကျောင်းဂိတ်ဝတွေမှာလည်း ကလေးတွေကို အပူချိန်တိုင်းတာပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ၊ အကကလပ်တွေနဲ့ ကာရာအိုကေတွေ ဘားတွေ ပိတ်ထားပေမယ့် ကျောင်း ပြန်ဖွင့်တာဟာ ဗိုင်းရပ်ထိန်းချုပ်တာမှာ ဗီယက်နမ်ရဲ့ နောက်ဆုံးအဆင့် ဖြေလျှော့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား

– ပိုးတွေ့လူနာသစ် မရှိတာ ၂၈ ရက်ဆက်တိုက် ရှိပါပြီ။ ပိုးတွေ့လူနာတွေကလည်း အားလုံး ပြန်ကောင်းပြီး ၁ ယောက်ပဲ ကျန်ပါတော့တယ်။

လာအို

– လာအိုကလည်း COVID-19 လူနာ ၁၉ ယောက်နဲ့ ကူးစက်မှု ရပ်တန့်နေပါပြီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.