အခြေအနေအစီရင်ခံစာ – အင်ဒိုနီးရှား

အင်ဒိုနီးရှားရဲ့ ပထမဆုံး COVID-19 လူနာကို မတ်လ ၂ ရက်၊ ၂၀၂၀ မတိုင်ခင်အထိတိုင် ကြေညာခဲ့ခြင်း မရှိခဲ့ပါ။ တရားဝင်ကူးစက်ခံရသူအရေအတွက်ဟာ ဧပြီလ ၃ ရက်၊ ၂၀၂၀ မှာ ၁၉၈၀ ယောက်အထိ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနဟာ အဲ့နေ့မှာပဲ အဲ့ရောဂါကြောင့် သေဆုံးသူ ၁၈၁ ဦး ရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ အဲ့ဒါဟာ COVID-19 ကြောင့် သေနှုန်း ၉ ရာနှုန်းထိ ဖြစ်နေစေပြီး အာရှတိုက်မှ ဒုတိယ အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီလို နောက်ကျစွာ တုံ့ပြန်ခြင်း၊ အံ့သြဖွယ်နိမ့်လွန်းတဲ့ လူနာအရေအတွက်၊ သေနှုန်းမြင့်မားခြင်း အစရှိတာ အားလုံးဟာ ရောဂါကို စမ်းသပ်ရှာဖွေတွေ့ရှိနှိုင်စွမ်း ကင်းမဲ့တာနဲ့ နိုင်ငံရဲ့ တုံ့ပြန်မှု နောက်ကျတာကို ဖော်ပြနေပါတယ်။

အင်ဒိုနီးရှားရဲ့ အမျိုးသားထောက်လှမ်းရေးအေဂျင်စီဟာ ဇူလိုင်လ၊ ၂၀၂၀ မှာ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ 106287 ကို ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းပြီး အင်ဒိုနီးရှားတက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးမဟာဌာနကတော့ အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ပုံအပေါ်မူတည်ပြီး ၅ သိန်း ကနေ ၂.၅ သန်းအထိ ကူးစက်နိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်တော့ တိကျတဲ့ အချက်အလက်ရရှိဖို့ဟာ လူထုကြားမှာ ရောဂါစမ်းသပ်တွေ့ရှိနိုင်စွမ်းပေါ် မူတည်နေပါတယ်။ (ကြိုးနီစနစ်ကြောင့် တစ်ပတ်နောက်ကျခဲ့တာ အပါအဝင်) မတ်လလယ်နဲ့ နှောင်းပိုင်းမှာ တရုတ်ပြည်မှ အမြန်စမ်းသပ်ကိရိယာ ထောင်နဲ့ ချီ လက်ခံရရှိပြီးနောက် ကျန်းမာရေးဝန်ထမ်းအပါအဝင် အခြားကူးစက်နိုင်ခြေမြင့်မားတဲ့ ရောဂါပိုးတွေ့တာ၊ သေဆုံးတာ အများဆုံးဖြစ်တဲ့ နေရာတွေကို အဓိကအာရုံထားပြီး အင်ဒိုနီးရှားနိုင်ငံဟာ အနောက်ဂျားဗားက ဂျာကာတာမြို့နဲ့ ဘန်သမ်မြို့ မှာ စတင်ရောဂါရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဧပြီလ ၄ ရက်၊ ၂၀၂၀ မှာ စမ်းသပ်မှုစုစုပေါင်း ၇၆၂၁ ခုကို သာလျှင် ပြုလုပ်နိုင်ခဲ့ပါတယ်။

အစိုးရရဲ့ ရောဂါကာကွယ်တားဆီးရေး လုပ်ဆောင်ချက်များဟာ နှေးကွေးနေပြီး စီးပွားရေးအကျိုးသက်ရောက်မှု အပေါ်ကို အဓိကထားနေတယ်လို့လည်း အဝေဖန်ခံရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါပျံ့နှံ့မှုဟာ အင်ဒိုနီးရှားရဲ့ စီးပွားရေးတိုးတက်မှုကို တစ်ဝက်ထက်မက နည်းသွားစေနိုင်ပါတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ခန့်မှန်းခဲ့ပါတယ်။ ကပ်ရောဂါပျံ့နှံ့မှု မဖြစ်ခင်က တိုးတက်မှု ၅% ဖြစ်ပြီး နောက်ပိုင်းမှာ ၂.၅% သာရှိပါတော့တယ်။

သမ္မတဂျိုကိုဝီဒိုဒိုဟာလည်း ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ် ကို မတ်လ ၃၁ ရက်၊ ၂၀၂၀ မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီနောက် ပိတ်ဆို့ခြင်းအမိန့်အပါအဝင် သီးခြားစည်းမျဉ်းတွေ မထုတ်ပြန်ဖို့ ဒေသန္တရနဲ့ ဒေသတွင်း ဦးဆောင်သူတွေကို တိုက်တွန်းပြီး လူမှုကန့်သတ်ချက်တွေ စတင်ခဲ့ပါတယ်။ လူထုလှုပ်ရှားမှုများနဲ့ စုဝေးပွဲများကို ထိန်းချုပ်ပြီး ပြည်သူ့ကျန်းမာရေးအရေးပေါ် စီစဉ်ဆောင်ရွက်ချက်မှုတွေအပေါ်သက်ရောက်တဲ့ အမိန့် ၆/၂၀၁၈ နဲ့ ပြဋ္ဌန်းလိုက်တဲ့ စီစဉ်ဆောင်ရွက်မှုတွေနဲ့ သမ္မတရဲ့ အမိန့် တွေကို ထုတ်ပြန်တာ ဖြစ်ပါတယ်။ သို့ပေမယ့် အမိန့်ကို အကောင်အထည်ဖော်ခြင်းနဲ့ ထိရောက်မှုကတော့ မရှင်းမလင်းဖြစ်နေဆဲ ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရအဖွဲ့ရဲ့ တုံ့ပြန်မှုဟာ စိတ်ထိခိုက်နာကျင်စရာကောင်းလောက်အောင် နှေးကွေးနေတာကြောင့် အင်ဒိုနီးရှားရဲ့ နိုင်ငံနဲ့ ဒေသန္တရအစိုးရတွေဟာ ဒေသတွင်းကန့်သတ်ခြင်း ကို မတ်လအစောပိုင်းနဲ့ အလယ်လောက်မှ စတင်အကောင်အထည်ဖော်ခဲ့ရပါတယ်။ အခြားစီရင်စုတွေမှာ ပိုးတွေ့ရှိသူမရှိဘဲ စီးပွားရေးကို ပုံမှန်အတိုင်းပဲ လုပ်ဆောင်ဖို့ တောင်းဆိုနေချိန်မှာ ဥပမာအားဖြင့် အနောက်ပိုင်းဒေသက စီရင်စုအစိုးရများဟာ သူတို့ရဲ့ ကိုယ်ပိုင်ဒေသတွေကို အရေးပေါ်အဖြစ် ကြေညာခဲ့ပါတယ်။ ဂျာကာတာမြို့တော်ဝန်ဟာ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ မတ်လအစောပိုင်းလောက်ကတည်းက သမ္မတဝီဒိုဒိုကို တိုက်တွန်းခဲ့ပါတယ်။ သမ္မတတစ်ဦးမှာပဲ အဲ့လိုအမိန့်ကို ကြေညာနိုင်လို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။ ကျရောက်လာနိုင်တဲ့ အန္တရာယ်ကို လေးလေးနက်နက်သဘောထားပြီး တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးကို ဖယ်ရှားပစ်ဖို့လည်း ပြည်သူလူထုက တောင်းဆိုခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေးအရေးပေါ်အဖြစ် မကြေညာခင် WHO လမ်းညွှန်ချက်ကို လိုက်နာတဲ့ အမျိုးသာမူဝါဒ တစ်ရပ်ကို မတ်လ ၁၇ ရက်၊ ၂၀၂၀ တွင် ကြေညာခဲ့ပြီး မတ်လ ၂၀ ရက်၊ ၂၀၂၀ မှ စတင်အသက်ဝင်ခဲ့ပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ မလိုအပ်ဘဲ ခရီးသွားတာတွေ မလုပ်ဖို့ အများပြည်သူကို တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံကို လာတဲ့ ဆိုက်ရောက်ခရီးသည်တွေကို ပြည်သူ့ကျန်းမာရေးမှ စောင့်ကြည့်စစ်ဆေးခြင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်းမှာ တိုင်းပြည်ခုနစ်ပြည်ကို သွားခဲ့တဲ့ ဘယ်သူမဆိုကို ဝင်ခွင့်ကန့်သတ်ခဲ့ပါတယ်။ ထူးခြားချက်ကတော့ တရုတ်ပြည်ဟာ အဲ့ဒီစာရင်းထဲမှာ မပါခဲ့တာ ဖြစ်ပါတယ်။

ဆေးပညာရပ်ဝန်းရဲ့ အဲ့လိုအခြေအနေကို တုံ့ပြန်နိုင်တဲ့ အရည်အသွေးကို မြှင့်တင်ဖို့အတွက် အစိုးရဟာ အမျိုးသားရသုံးမှန်းခြေငွေစာရင်းမှာ (အမေရိကန်ဒေါ်လာ ၂၄.၄ မီလီယံနဲ့ ညီမျှတဲ့) အင်ဒိုနီးရှားငွေ IDR ၄၀၀ ထရီလီယံကို ထပ်တိုး ထည့်သွင်းခဲ့ပါတယ်။ အဲ့ငွေတွေဟာ ဆေးဘက်ဆိုင်ရာကိရိယာတွေ၊ ပစ္စည်းတွေနဲ့ အဗီဂျင်၊ ကလိုရိုကွင်းတို့လို ဆေးဝါးတွေ ဝယ်ယူဖို့နဲ့ COVID-19 နဲ့ တိုက်ရိုက်ထိတွေ့ လုပ်ဆောင်နေရတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးလုပ်သားတွေကို အကာအကွယ်ပေးဖို့၊ ငွေရေးကြေးရေးဆိုင်ရာ မက်လုံးတစ်ချို့ပေးဖို့အတွက် ဖြစ်ပါတယ်။ ဂျာကာတာမြို့လယ်က အားကစားသမားများကျေးရွာဟာ အရေးပေါ်ဆေးရုံအသွင် ပြောင်းသွားခဲ့ပါတယ်။ ဂျာကာတာမြို့မှာရှိတဲ့ ပါတမီနာဂျရာဆေးရုံဟာ COVID-19 ကုသရေးအတွက် သီးသန့်လုပ်ဆောင်ထားတဲ့ ယာယီအထူးဆေးရုံကြီးတစ်ရုံဖြစ်ပါတယ်။ မလေးရှားကနေ အိမ်ပြန်လာကြတဲ့ အင်ဒိုနီးရှားရွေ့ပြောင်းများကို အဓိကထား ကုသပေးဖို့ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်ဖို့အတွက် ရီအူကျွန်းစီရင်စု၊ ဂါလန်ကျွန်းပေါ်မှ COVID-19 သတ်မှတ်အရေးပေါ်ဆေးရုံကို တည်ဆောက်ခဲ့ပါတယ်။

အဲ့လိုစီမံဆောင်ရွက်မှုတွေဟာ အင်ဒိုနီးရှားအတွက် အလွန်နည်းပါးလွန်းပြီး နောက်ကျလွန်းနေပါတယ်။ ဗိုင်းရပ်ပျံ့နှံ့မှုအတိုင်းအတာအစစ်အမှန်ကို လက်ရှိထိအောင် မသိရသေးပါ။ ဒီလို ဆိုးဝါးတဲ့ အခြေအနေကို အမှန်မြင်လာပါက Outbreak Asia အနေဖြင့် အောက်ပါအချက်များကို အကြံပြုလိုပါတယ်။

မူဝါဒ အကြံပြုချက်များ –

  1. ပိတ်ဆို့ခြင်း၊ အသွားအလာကန့်သတ်ခြင်းနှင့် နေထိုင်ကြသူများအားလုံးထံသို့ ရောက်ရှိနိုင်သော ပြည်သူ့ကျန်းမာရေးကန်ပိန်းများပါဝင်သည့် ကြောင်းကျိုးဆီလျော်သော အမျိုးသားမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ပါ။ မူဝါဒအသက်ဝင်ရေးအတွက် ဒေသန္တရအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ပါ။
  2. ဘာသာရေးတွေ့ဆုံပွဲများအပါအဝင် လူစုလူဝေးမှန်သမျှကို တရားဝင် ပိတ်ပင်ပါ။
  3. ပြည်တွင်းအခြားဒေသသို့ သွားခြင်းနှင့် နိုင်ငံတကာ ခရီးသွားလာခြင်းများအားလုံးကို ကန့်သတ်ပါ။
  4. နိုင်ငံ၊ လူမျိုးမခွဲခြားဘဲ နိုင်ငံတကာမှ ဆိုက်ရောက်ခရီးသည်များအားလုံးကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ပါ။
  5. COVID-19 ရှိသူအစုအဝေးကို စမ်းသပ်တွေ့ရှိနိုင်ရန် တိုင်းပြည်အနှံ့ အမြန်စမ်းသပ်ကိရိယာကို အသုံးပြုပြီး စမ်းသပ်နိုင်စွမ်းကို မြှင့်တင်ပါ။ PCR ဖြင့် စမ်းသပ်နိုင်သော ဓာတ်ခွဲခန်းများကို အတည်ပြုပါ။ ဂျာကာတာမြို့ရှိ PCR ဖြင့် စမ်းသပ်ခြင်းအရေအတွက်ကို မြှင့်တင်ပါ။
  6. စမ်းသပ်ကုသရာ လက်ရှိဗဟိုဌာနသုံးခုအပြင် အခြားတိုင်းဒေသကြီးများတွင် ကျန်းမာရေးဌာနများ၊ ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းအရေအတွက်ကို တိုးမြှင့်ရန် အမျိုးသားရသုံးမှန်းခြေငွေစာရင်းတွင် ရန်ပုံငွေကို ထပ်တိုး ခွဲဝေပေးပါ။
  7. မတ်လ ၁၀ ရက်၊ ၂၀၂၀ ဗီယက်နမ်တွင် သဘောတူလက်ခံခဲ့သော ASEAN နိုင်ငံများ၏ ဘဏ္ဍာရေးဝန်ကြီးများဆိုင်ရာ ကတိကဝတ်များကို ဆက်လက်အရေးယူဆောင်ရွက်ရန်၊ ဗိုင်းရပ်စ်ပြန့်ပွားမှုကို နည်းနိုင်သမျှ နည်းစေရန်အတွက် ASEAN အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ထူထောင်ပါ။
  8. ငွေကြေးထောက်ပံ့ခြင်းအပါအဝင် အင်ဒိုနီးရှား၏ ထိခိုက်လွယ်သော ပြည်သူများအတွက် အမျိုးသားရသုံးမှန်းခြေငွေစာရင်းတွင် ရန်ပုံငွေများကို ထပ်တိုး ခွဲဝေပေးပါ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.